ဝတ္ထုတို
လှည်းယာဉ်ပေါ်သို့ ဆရာတော်ကို တွဲတင်လိုက်ကာ ဆရာတော့် ဖိနပ်ကို လှည်းရံ တိုင်မှာ စွပ်လိုက်သည်။
ထို့နောက် မြေကြီးပေါ်က အထုပ်နှစ်ထုပ်ကို ဆရာတော့် နောက်နားတွင် နေရာချလိုက်ပြီး လှည်းပေါ်တက်ရန် ပြင်လိုက်သော ကိုဘိုတောက်ကို ဆရာတော်က “ဟဲ့ ဘိုတောက်၊ ဟိုကလေးပါ တင်ဦး” ဟု မိန့်လိုက်သည်။ ဆရာတော် ညွှန်ပြရာ ကြည့်လိုက်တော့ ဒေါ်လုံးတင် နားတွင် ကပ်ရပ်နေသော တက်ထရွန် ကွက်စိပ် ၀မ်းဆက်ပွပွကလေး ၀တ်ထားသည့် အသက်ငါးနှစ်ခန့် ရှိသော ခေါင်းပြောင်ပြောင်၊ မျက်လုံးဝိုင်းဝိုင်း၊ အသားဖြူဖြူ၊ ၀ကစ်ကစ် ကလေး တစ်ယောက်ကို တွေ့ရသည်။
“ဘယ်က ကလေး လဲ ဘုရား”
“ငါ ခေါ်လာတာ။ လမ်းကျမှ ငါ ပြောပြမယ်။ ကဲ ကလေးတင်။ မောင်းတော့”
ကိုဘိုတောက်သည် ဆရာတော်ကို ဘာမျှ ပြန်မ ပြောတော့ဘဲ ထိုကလေးကို လှည်းနောက်မြီးပေါ်သို့ ဆိုး ဆိုးဆတ်ဆတ် ကောက်တင် လိုက်၏။ ထိုကလေးသည် လှည်းရံတိုင်ကို သူ၏ လက် ၀ကစ်ကစ်လေးနှင့် ဆုပ်ကိုင် ထားပြီး ကိုဘိုတောက်ကို မကြည့်ရဲ ကြည့်ရဲကြည့်သည်။
ကိုဘိုတောက်တို့ မိုးညိုရွာက ရန်ကုန်ပြည်ကား လမ်းမကြီး ၇ မိုင်ခန့်ဝေး၍ နတ္တလင်းမြို့ အနောက်မှာ ရှိ သည်။ ခုလည်း ဆရာတော်က ပြည်မြို့ရှိ စာချဆရာ တော်ကြီးနေမကောင်း၍ သတင်းမေးပြီး ပြန်လာသည်ကို ကားလမ်းမမှ သွားကြိုခြင်း ဖြစ်သည်။ နွားညီနောင်သည် အပြန်လမ်းမို့ နကန်ပင် တို့စရာ မလိုအောင် သွက် သွက်လှမ်းသဖြင့် လှည်းယာဉ်လေးမှာ ခြူသံလွင်လွင် ဖြင့် လှည်းလမ်းတစ်လျှောက် ခပ်သော့သော့လေးပြေးနေ၏။ လှည်းလမ်းဘေးရှိ ချုံတွေပေါ်တွင် ဖွေးနေအောင် ပွင့်သော မိကျောင်းပန်းများကြောင့် လမ်းတစ်လျှောက်လုံး ပန်းရနံ့တို့ဖြင့် သင်းပျံ့နေသည်။ အင်ဖက်ပင်တစ်တန်းကို ဖြတ်ကျော်အထွက် မှာတော့ ရှေ့မျက်နှာချင်းဆိုင်မှ ဖျာကြမ်းပေါင်းမိုးကာထားသော လှည်းတစ်စီးက ဆရာတော့် လှည်းယာဉ်မှန်း သိကာ ဘေးသို့ ကပ်ရပ်ပေး သည်။ မျက်နှာချင်းဆိုင် လှည်းပေါ်မှ ကိုအေးငွေကို မြင်သော် ဆရာတော်က
“အေးငွေရေ...လုံးတင်တို့သားအမိလည်း ပါတယ်။ မင်းကိုစောင့်နေတယ်”
ဆရာတော် စကားပြောနေတုန်းမို့ ကိုဘိုတောက်က နွားတွေကို တကျွတ်ကျွတ် စုတ်သပ်ရင်း နဖားကြိုးလေး တင်းတင်းဆွဲထားလိုက်သည်။ ဆရာတော် စကားစပြတ်တော့ နဖားကြိုးလျှော့ကာ ဟဲ့ တစ်ချက် ခပ်ပြင်းပြင်းငေါက်လိုက်ရာ နွားညီနောင်ကလည်း အသော့ကလေးဆောင့်ရုန်းလိုက်စဉ်
“အား... အောင်မလေး အမေရေ...”
ဆိုသည့်အသံနှင့်အတူ လှည်းနောက်မှာ ထိုင်နေသော ကလေးသည် လှည်းပေါ်မှ တလိမ့်ခေါက်ကွေး ပြုတ်ကျသွားသည်။
